Sunday, August 23, 2009

"ခြည်ဖြူ" ဖွဲ့ ခဲ့ပါသလား...မိနန်း

စောကျော်ခွိ
၂၁ ဇူလိုင်၊ ၂၀၀၉

ဤဓါတ်ပုံအား စောမူယွန့် ဖောင်ဘလော့မှကူးယူသည်။


"ခြည်ဖြူ" ဖွဲ့ ခဲ့ပါသလား...မိနန်း

ဝေးကွာခဲ့တာ၊ ကာလကြာ
ဒီဝါခေါင်အစ၊ ပြန်တွေ့ ကြရင်
အရင်ကလို၊ ရွှင်ချိုအကြည့်
ငါ....မှတ်မိနိုင်ပါ့မလား။


သဲချောင်းတစ်ကမ်းစီ၊ အလီလီ
ရေကြည်ရာအစု၊ မြက်တွေနုရာ
မြေကမ္ဘာ၊ ရှာမသွားခင်လေ
တို့ တွေအကြည့်၊ ပြန်လည်သိရေး
ဂတိရှိခဲ့ကြတယ်လေ။

ပုဝါဖြူပိုင်း၊ ခေါင်းစီးသိုင်းလို့ 
ကြည့်တိုင်းမဝနိုင်၊ ပွင့်ဖူးလှိုင်တယ်
အသွေးကြွယ်၊ နန်းငယ်လေးခင်
ဟိုအရင်လို၊ အပျိုဖားဖား
လှကွက်များထပ်၊ ငါ....မှတ်မိနိုင်ပါ့မလား။

သပြေတွေသီး၊ လှေတွေစီးခဲ့
ရေကြီးဖောင်ဖောင်၊ လဝါခေါင်မှာ
ငါတို့ ဓလေ့၊ ဆုံမယ်ဟေ့လို့ 
တို့ ဆိုခဲ့ကြမဟုတ်လား။

ငါ့ဆွေမျိုးတွေ၊ မြေပြန့် မှာလား
တောင်ပေါ်သားလား၊ မေးခွန်းများ
နေများကောင်းရဲ့ ၊ လွမ်းဖွဲ့ မိသည်
သည်လဝသန်၊ လေထန်ထန်မှာ
ရောက်ရာရပ်မှ၊ ဆတ်ဆတ်ပြန်ခဲ့ကြနော်။

ပလူးလာ၊ ပလူးလာ
ပလူးလာ ဟဲကေ....။

ဒီဇမ္ဗူထဲ၊ ခြည်ဖြူပွဲဟာ
ငါတို့ ကရင်ဆိုင်၊ ပိုင်တဲ့ပွဲပါ
ငါ......မှတ်မိချင်တယ်ကွဲ့ 
ခြည်ဖြူဖွဲ့ ခဲ့ပါ....နန်းရေ။

ဝေးကွာခဲ့တာ၊ ကာလကြာ
ဒီဝါခေါင်အစ၊ ပြန်တွေ့ ကြရင်
အရင်ကလို၊ ရွှင်ချိုအကြည့်
ငါ....မှတ်မိနိုင်ပါ့မလားကွယ်...........။ ။

(လင်္ကာဒီပ)

ကရင့်သက္ကရာဇ် ၂၇၄၈ ခုနှစ် ကရင့်ရိုးရာဝါခေါင်လ ခြည်ဖြူဖွဲ့ ပွဲကို ဤကဗျာလေးနှင့် ဂုဏ်ပြုလိုက်ပါသည်။

No comments:

Post a Comment