Sunday, September 27, 2009

လပေါ်တွင် ရေရှိနိုင်ဟု အိန္ဒိယ လကမ္ဘာ စူးစမ်းရေးအဖွဲ့ ပြောကြား

ပေါ် ရေရှိကြောင်း အိန္ဒိယ အာကာသ လေ့လာရေး အေဂျင်စီ ဥက္ကဋ္ဌ မဟာဗင် နားရ် (အလယ်လူ) သတင်းစာ ရှင်းလင်းပွဲတွင် ဖေါ်ထုတ် ပြောကြားနေစဉ် © ( PTI Photo )

အိန္ဒိယ၏ လကမ္ဘာ စူးစမ်းရေး မစ်ရှင် Chandrayaan - I သည် လပေါ်တွင် ရေ ရှိနိုင်သော အထောက်အထား များအား ထောက်လှမ်း တွေ့ရှိခဲ့ပြီ ဖြစ်သည်။

စက်တင်ဘာလ (၂၄)ရက် နေ့က အိန္ဒိယ အာကာသ လေ့လာရေး အေဂျင်စီက လ၏ သတ်မှတ်မြေပုံ (M3) ကို လေ့လာပြီးနောက် လပေါ်တွင် ရေရှိကြောင်း ခိုင်ခိုင်မာမာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်း အထောက်အထား များကို Chandrayaan-I က ရှာဖွေ တွေ့ရှိလာခြင်း ဖြစ်သည်။ ၎င်းသည် အလင်းပြန်မှုများမှ လှိုင်းအလျားများကို တိုင်းတာပြီး ဟိုက်ဒြိုဂျင်နှင့် အောက်ဆီဂျင်တို့ ပေါင်းစပ်ထားသည့် ဓာတုဗေဒ ဓာတ်ပေါင်း များကို ယခုလိုရှာဖွေ တွေ့ရှိလာခဲ့သည်။

ယခု ရလဒ်ကြောင့် နှစ်ပေါင်း(၄၀) လုံးလုံး လမျက်နှာ ပေါ်တွင် ရေရှိမရှိ သံသယ ပွားနေသည့် ကမ္ဘာအရပ်ရပ်မှ သိပ္ပံပညာရှင်များ အတွက် ရှင်းရှင်းလင်းလင်း အဖြေတခုကို ဖော်ထုတ် လိုက်နိုင်ခြင်း ဖြစ်သည်။ သိပ္ပံပညာရှင် များသည် အပိုလို အာကာသ ယာဉ်မှူးများ လပေါ်မှ အမှတ်တရ သယ်ဆောင်လာသည့် ကျောက်တုံးများကို လေ့လာပြီးနောက် လပေါ်တွင် ရေရှိနိုင်သည်ဟု စတင်သံသယ ရှိလာကြသည်။

ယခု အခါတွင်မူ ထိုအချက်သည် အငြင်းပွားစရာ အနေအထား မဟုတ်တော့ကြောင်း အိန္ဒိယနိုင်ငံက ဖော်ထုတ် ပေးလိုက်ပြီ ဖြစ်သည်။ သိပ္ပံ ပညာရှင်များက ကျောက်တုံးများတွင် ခိုကပ်နေသည့် အောက်စီဂျင်နှင့် လပေါ်တွင် သဘာဝအလျှောက် ရှိနေသော ဟိုက်ဒြိုဂျင် တို့မှာ နေ၏ ဖြာထွက်စွမ်းအင် ကျရောက်မှုကြောင့် ပေါင်းစပ်သွားပြီး ရေအဖြစ်သို့ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်လျှက် ရှိကြသည်။

ဆက်ဖတ်ပါရန်...

အီ၇န်သမ္မတမိန့်ခွန်းကို ကုလညီလာခံ ကိုယ်စားလှယ်အချို့ သပိတ်မှောက်

နယူးယောက် (စက်တင်ဘာ ၂၃) - အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပလျက်ရှိသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အီရန်သမ္မတ အမာဒီနီဂျက် မိန့်ခွန်းပြောကြားစဉ် ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံအချို့မှ ကိုယ်စားလှယ်များ သပိတ်မှောက် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။



အီရန်သမ္မတ၏ မိန့်ခွန်းတွင် အစ္စရေးနှင့် ဂျူးလူမျိုးများကို နိုင်ငံနှင့် လူမျိုးအမည်များ ထုတ်ဖော်ခြင်းမရှိဘဲ ပုတ်ခတ်ပြောဆိုမှုများ ပါဝင်လာသဖြင့် ပြင်သစ်နိုင်ငံ ကိုယ်စားလှယ်များမှ ဦးဆောင်ပြီး ညီလာခံပြင်ပသို့ ထွက်ခွာသွားကြခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံနှင့်အတူ အာဂျင်တီးနား၊ သြစတြေးလျ၊ ဗြိတိန်၊ ကော့စတာရီကာ၊ ဒိန်းမတ်၊ ဂျာမဏီ၊ ဟန်ဂေရီ၊ အီတလီ၊ နယူးဇီလန်နှင့် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်များသည်လည်း ညီလာခံမှ သပိတ်မှောက် ထွက်ခွာသွားခဲ့ကြသည်ဟု ကုလသမဂ္ဂမှ လာသော သတင်းများတွင် ဖော်ပြထားသည်။ အစ္စရေးနိုင်ငံမှ ကိုယ်စားလှယ်များမှာမူ အမာဒီနီဂျက် မိန့်ခွန်းမပြောကြားမီကတည်းက ညီလာခံမှ ထွက်ခွာနှင့်ပြီဖြစ်သည်။ ကနေဒါကိုယ်စားလှယ်များကလည်း သပိတ်မှောက်မှုများ ရှိလာနိုင်သည်ဟု အစောပိုင်းကတည်းက ပြောကြားထားခဲ့သည်။



အီရန်သမ္မတ အမာဒီနီဂျက်သည် အစ္စရေးနိုင်ငံကို ပုတ်ခတ်ဝေဖန်လေ့ရှိပြီး အီရန်သမ္မတအဖြစ် ပြီးခဲ့သော ဇွန်လအတွင်းက အငြင်းပွားဖွယ် ရွေးကောက်ပွဲ ရလဒ်များဖြင့် ထပ်မံအရွေးခံခဲ့ရသည်။

ဆက်ဖတ်ပါရန်...

Saturday, September 26, 2009

သိမ်းငှက်တစ်ကောင်ရဲ့သက်တမ်း ဒုတိယသက်တမ်း



သိပြီးသားဖြစ်ရင်လည်း ဖြစ်မှာပါ..ဖတ်ကြည့်နော်..

သိမ်းငှက်တစ်ကောင်ဟာ သက်တမ်းအမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီးနေနိုင်ဖို့အတွက် ၄င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ်ရောက်တဲ့အခါ ခက်ခဲတဲ့ Decisionတစ်ခုကိုချရပါတော့တယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့
လက်သည်းများဟာ ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့ နှုတ်သီးဟာလည်း

ရှည်လာတာနှင့်အမျှ ကွေးကောက်လာတာမို့ ရင်ဝကိုထိုးစိုက်လို့ လာပါတော့တယ်။
အတောင်တွေဟာလည်း လေးလံလောက်အောင် သားမွှေးတွေ ထူထပ်လာတာကြောင့် ပျံသန်းဖို့ ခက်ခဲလာပါတယ်။
ဒီသိမ်းငှက်ဟာ ဒါကိုပဲ စိတ်ပျက်နေရင် သက်တမ်း (၄၈)နှစ်နဲ့တင် ဘ၀ကိုနိဂုံးချုပ်လည်း ရတာပါပဲ။
ဒါပေမယ့် ထိုင်ပြီးစိတ်ပျက် နေမယ့်အစား ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက်ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့ ခံစားလာရတယ်။
ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက် အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ
အသိုက်ကို ဆောက်ပါတယ်။

အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး
ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက် သည်းခံစောင့်ဆိုင်း
နေပါတယ်။ အသစ်ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့
၎င်းရဲ့လက်သည်းရှည်တွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပြန်ပါတယ်။

တစ်ဖန် လက်သည်းအသစ်တွေ ထွက်လာတဲ့အခါမှာတော့ အတောင်မှာရှိတဲ့ လေးလံလှတဲ့
Featherတွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။

(၅)လကြာပြီးချိန်မှာတော့ Feather အသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့
ပေါ့ပါးသစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို
နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘ၀သစ်ကို ခေါ်ဆောင် သွားပါတော့တယ်။

ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ လောကကြီးထဲမှာ နှုတ်သီး၊ လက်သည်း၊
အမွှေးအတောင်တွေနဲ့တူတဲ့ မိမိကိုယ်ကို ပြန်စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့
အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး သူများကို
အပြစ်ထိုင်တင်နေမယ့်အစား Painful
Process ကိုရအောင်ဖြတ်ပြီး ကိုယ်တိုင်ပြောင်းလဲနိုင်မှ ဘ၀သစ်ကို
ရရှိခံစားနိုင်ကြမှာပါ။

ဒီဘ၀သစ်တစ်ခု စဖို့အတွက် ခက်ခဲတဲ့ပြောင်းလဲမှုတွေကို ကိုယ်တိုင်ရင်ဆိုင်
ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊
စရိုက်ဆိုး (Old habit, Old tradition)တွေကို စွန့်ပစ်နိုင်မှ ဘ၀သစ်ကို
ပြန်သွားနိုင်မှာပါ။

နောက်ထပ် သက်တမ်းကြာကြာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် Idea အသစ်တွေကို
လက်ခံပြောင်းလဲနိုင်ရပါမယ်။
အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်းထားရင်တော့
မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့ အတူတူပါပဲ။
လူတိုင်းမှာ ကိုယ်တိုင်မသိနိုင်တဲ့ အတွင်းစိတ်အား Inner Potential တွေ
ရှိကြပါတယ်။ မသိကြတာက ခက်တာပါ။

တစ်ကယ် ဒီစိတ်ကို ဆွဲထုတ်အသုံးချ နိုင်တဲ့သူကလည်း မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။
Today is for Tomorrow. Yesterday for Today.
ကိုယ့် Habit ကို ကိုယ် Change နိုင်ရင် ကိုယ့်အတွက် Result ပါပဲ။
ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲကြည့်ပြီး သူများတွေကလည်း မိမိပြောင်းလဲလာကြောင်း
အသိအမှတ်ပြုလာကြရင် သင့်ရဲ့ဘ၀လည်း ပြောင်းလဲသွားမှာပါ။

အဟောင်းထဲမှာပဲ ၀ဲလည်နေကြမယ့်အစား ပြောင်းလဲတာပဲ ကောင်းပါတယ်။
စိတ်ကိုဖွင့်လိုက်ပါ။ အတိတ်ကိုမေ့လိုက်ပါ။
ရင်ထဲမှာ အစိုင်အခဲမထားပဲ ချေဖျက်ဖို့အတွက် တောင်းပန်သင့်တာကို
တောင်းပန်လိုက်ပါ၊ ၀န်ခံစရာ ရှိတာကို ရဲရဲဝန်ခံလိုက်စမ်းပါ။

ပြောင်းလဲစရာ ရှိတာကိုလည်း နောက်လှည့်မကြည့်စတမ်း ပြောင်းလဲပစ်စမ်းပါ။
သိမ်းငှက်လို နှုတ်သီးသစ်၊ လက်သည်းသစ်၊ အတောင်ပံသစ်တွေနဲ့ ပေါ့ပါးလွတ်လပ်စွာ
ဟိုးအမြင့် စိတ်ရှိရာကို ပျံသန်းလိုက်ကြပါ။ ကျွန်တော်အကြိုက်ဆုံး
"Secrets of the Millionaire Mind"
စာအုပ်ထဲက စာသားလေးနဲ့ အဆုံးသတ်လိုက်ပါရစေ။

ဒီစာကို ဖတ်ကြတဲ့ သူငယ်ချင်းအပေါင်း စိတ်ဓာတ်ခွန်အားတွေ
ရရှိနိုင်ကြပါစေခင်ဗျာ...။
mirrorreader

ဆက်ဖတ်ပါရန်...

Saturday, September 19, 2009

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဝင်းနိုင်၊ ရဲချုပ် ခင်ရီနဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့၏ အရှုပ်တော်ပုံ

ယခုလပိုင်းအတွင်း၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့(စစစ)မှ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၏ဇနီး၊ “ဒေါ်မွှေးမွှေး” ကို ခေါ်ယူစစ် ဆေးခဲ့ပါတယ်။ ဒေါ်မွှေးမွှေးဟာရန်ကုန်မြို့တွင်း နေရာ(၅)နေရာမှာ၊ အလှပြင်ဆိုင် အမည်ခံ၍ ဝန်ထမ်းအမျိုးသမီးငယ် လေးများစွာဖြင့် အနှိပ်ခန်းများဖွင့်လှစ်ခါ၊ စီးပွားရေးလမ်းဖြောင့်ဖြူးနေသူတဦးပါ။

အဆိုပါ အနှိပ်ခန်းများမှ၊ အမျိုးသမီးငယ်အချို့မှာ၊ အနှိပ်လုပ်ငန်းအပြင်၊ အခကြေးငွေယူပြီး၊ ကာမ အပျော်မယ်များအ ဖြစ်၊ အသုံးတော်ခံ နေကြရပါတယ်။ ဧည့်သည် အဝင်နည်းတဲ့ ရက်များမှာတော့၊ ဒေါ်မွှေးမွှေးက ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများမှ၊ မြို့နယ်မှူး၊ စခန်းမှူးနဲ့ ရဲအရာရှိတို့၏ ဇနီးများကို၊ ဖုန်းဆက်ခေါ် အလှပြင်ခိုင်းလေ့ရှိပါတယ်။ ဆံပင်ညှပ်၊ ပေါင်းတင်၊ မျက်နှာချေးချွတ်စသဖြင့်၊ ဖိအားပေး လုပ်ဆောင်စေပါတယ်။ အထက်အရာရှိရဲ့ ဇနီးကို ကြောက်ရတဲ့အတွက်၊ အမြဲသွားရောက် အားပေးနေရတာကြောင့်၊ ငွေကြေး ထိခိုက်စေတဲ့အပြင်၊ ကျန်းမာရေးလည်း ထိခိုက်နေကြရပါတယ်။ သူတို့အချင်းချင်း တွေ့ဆုံပါက၊ အအေးမိကုန်ပြီ၊ H1N1 ဖြစ်တော့မယ် ထင်တယ်… စသဖြင့် နောက်ပြောင် ပြောဆိုလေ့ ရှိကြပါတယ်။



အဲဒီလိုဖြစ်စဉ်တွေကို မခံနိုင်တဲ့အဆုံး၊ အထက်အာဏာပိုင်တွေဆီ၊ တိုင်ကြားမှုဖြစ်ပွားရာက၊ အခုလို ဒေါ်မွှေးမွှေးကို၊ (စစစ)မှ ခေါ်ယူစစ်ဆေးခဲ့တာပါ။ အလားတူ အနှိပ်သမ အမျိုးသမီးငယ်အချို့ကိုလည်း၊ (စစစ)မှ ခေါ်ယူ စစ်ဆေးခဲ့ပါ တယ်။

အဲဒီလို စစ်ဆေးစဉ် ကာလအတွင်း၊ အဆိုပါ အမျိုးသမီးငယ်များကို၊ (စစစ)မှ၊ ညှင်းပန်းနှိပ်စက်ပြီး၊ မတရားဖြောင့်ချက်ရ ယူခဲ့ပါတယ်ဆိုခါ၊ သက်ဆိုင်ရာ ရဲစခန်းမှာ၊ နာကျင်စေမှုဖြင့်၊ အမှုဖွင့် တိုင်ကြားခဲ့ကြပါတယ်။ (ခင်ပွန်းဖြစ်သူ ရဲမှူးကြီး ဝင်းနိုင်၏ အရှိန်အဝါကို အသုံးပြုပြီး၊ ဇနီးဒေါ်မွှေးမွှေးမှ အကြံပေးခဲ့တာလို့ပြောပါတယ်)

ဒီဖြစ်စဉ်ကို၊ ပြည်ထဲရေး ဝန်ကြီးဗိုလ်ချုပ်မောင်ဦး သိရှိသွားခါ၊ ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဒေါ်မွှေးမွှေးတို့အား၊ ချက်ခြင်းဖမ်း ချုပ်ရန်၊ ရဲချုပ်ခင်ရီအား အမိန့်ပေးခဲ့ပါတယ်။ ရဲချုပ်ခင်ရီမှ ရဲမှူးကြီးဝင်းနိုင်အား၊ နေပြည်တော်သို့ ခေါ်ယူအမှုစစ်ဆေးခဲ့ ပြီး၊ ဇနီးဒေါ်မွှေးမွှေးအား ရန်ကုန်မှာ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။

ဒါပေမဲ့လွန်ခဲ့တဲ့၊ ၄ရက်ခန့်က၊ ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဒေါ်မွှေးမွှေးတို့၊ ဖမ်းဆီးချုပ်နှောင်ထားရာမှ၊ အသီးသီးထွက်ပြေး လွှတ်မြောက်သွားကြပါတယ်။ ဒီလို ထူးဆန်းစွာ ထွက်ပြေး လွှတ်မြောက်သွားရတာဟာ၊ ရဲချုပ်ခင်ရီရဲ့ စီစဉ်ပေးမှု မပါဘဲ မဖြစ်နိုင်ဘူးလို့၊ အတွင်းသိ ရဲအရာရှိများမှ သုံးသပ်ပြောဆိုနေကြပါတယ်။

ရဲချုပ်ဗိုလ်ချုပ်ခင်ရီရဲ့၊ အကျင့်ဖောက်ပြန်မှု၊ အလွဲသုံးစားမှု၊ နိုင်ငံတော်အကြီး အကဲများအား၊ နောက်ကွယ် မှာပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုထားမှုတွေကို၊ ရဲမှူးကြီးဝင်းနိုင်မှ ဖေါ်ထုတ်ထွက်ဆိုမည်ကို၊ စိုးရိမ်တာကြောင့်၊ ရဲချုပ်ကိုယ်တိုင် ထွက်ပြေးခိုင်းလိုက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ယခုကိစ္စနှင့်ပါတ်သက်ပြီး၊ ဝန်ကြီးဗိုလ်ချုပ်မောင်ဦးမှ၊ ၎င်းအားအပြစ် ပုံချအရေးယူပါက၊ ရဲချုပ် ခင်ရီအနေဖြင့်၊ ဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ အတွင်းရေးများ၊ လဘ်စားမှုများ၊ ဖေါက်ပြန်မှုများကို၊ အထောက်အထား ခိုင်လုံစွာဖြင့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ၊ တင်ပြတိုင်ကြားမယ်လို့ ၎င်းနှင့် နီးစပ်သူများထံမှ ကြားသိရပါတယ်။

နိုင်ငံတော်ရဲ့ မှုခင်းကြဆင်းရေးကို၊ အဓိက တာဝန်ယူထားကြသူတွေ ကိုယ်တိုင်၊ ၎င်းတို့အချင်းချင်း၊ မာဖီးယားဂိုဏ်း ခေါင်းဆောင်များသဖွယ်၊ ပြုမူကျင့်ကြံနေကြပြီး၊ အာဏာ အလွဲသုံးစား ပြုလုပ်နေကြတာတွေကို၊ ကြည့်ခြင်းအားဖြင့်၊ သာမာန် ပြည်သူပြည်သားများအပေါ်၊ ဘယ့်လောက် ကောက်ကျစ် ယုတ်မာနိုင်မလဲဆိုတာ၊ ပြည်သူပြည်သားတွေသိရှိ ကြမှာပါ။ ဒီမိုကရေစီ ဘက်တော်သားတွေ အတွက်တော့၊ အထူးပြောဘို့ မလိုတော့ပါ။ တကမ္ဘာလုံးက သိရှိနေပြီးသားပါ။

ယခုကဲ့သို့ အာဏာအလွဲသုံးစားပြုပြီး၊ အမှန်တကယ် အရေးယူရမဲ့ကိစ္စများကို၊ မသိချင်ယောင် ဆောင်၍နေပါက၊ နောင် တချိန်မှာ ဖြစ်ပေါ်လာမဲ့တာဝန်ဟာ၊ နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တာဝန်သာဖြစ်တယ်လို့၊ ပြည်ထဲရေးဝန်ကြီးဌာနမှ၊ အရာရှိကြီးများက ဝေဖန်ပြောဆိုလျှက်ရှိနေပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။

ဆက်ဖတ်ပါရန်...

Sunday, September 13, 2009

မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးများ အစုလိုက်အပြုံလိုက် သားမယားအဖြစ် မတရားပြုကျင့်ခြင်းခံရ ခြင်း

လွန်ခဲ့သောသီတင်းပတ်အနည်းငယ်အတွင်းကကြေမွပျက်စီးခဲ့ရသောမြန်မာအမျိုးသမီးများ၏လုံခြုံမှုနှင့်ခါးသီး
လှသော အမျိုးသမီးများအား အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သော ဖြစ်ရပ်တခု မလေးရှားနိုင်ငံ ဂျိုဟိုးပြည် နယ်တွင် မယုံကြည်နိုင်လောက်စရာ ဖြစ်ပွားခဲ့ပါသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံအသီးသီးမှရောက်ရှိပြီး အလုပ်လုပ်ကိုင်နေထိုင်ကြသော မိန်းကလေးများစွာ ရှိနေပါသည်။ သက်ဆိုင်ရာသံရုံးများ ကူညီစောင့်ရှောက်မှု ကြောင့် အခြားလူမျိုးများ၏ ဘ၀မှာ လုံခြုံ စိတ်ချရသော်လည်း မြန်မာအမျိုးသမီးများ၏ ထိခိုက်နစ်နာမှုများက တော့ မယုံနိုင်စရာကောင်းလောက်ပင် အောက်ပါဖြစ်ရပ်များက သက်သေထူနေပါတော့သည်။

ဖြစ်စဉ်မှာ Taman Putri Wangsa Jalan Istimewa 7. No16 Kilang E.W တွင် အလုပ်လုပ်နေသော မိန်းကလေးများအား အစုလိုက်အပြုံလိုက် မုဒိန်းကျင့်မှု တခုဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး နိုင်ငံပိုင်သတင်းစာ တစောင်ဖြစ်သော STAR သတင်းစာတစောင်ကတော့ အထ မမြောက်ခဲ့သော ကာအိနြေ္ဒပျက်ရုံလောက်သာ ဖြစ်ခဲ့သည့် မုဒိမ်းကျင်ရန်ကြံစီမှုအဖြစ် ရေးသားဖော်ပြခဲ့သည်။ (The women, who were all in their 20s, were later ordered to strip but his attempt to rape them was unsuccessful and he left soon after. The star link http://news.asiaone.com/News/AsiaOne%2BNews/Crime/Story/A1Story20090911-167164.html အမှန်တကယ်ဖြစ်ပေါ်ခဲ့ပုံမှာ (၂၈.၈.၀၉) နေ့ မနက် ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ထိုနေ့မ တိုင်ခင်ကထဲက မိန်းမများသီးသန့်နေထိုင်ရာ ထိုအိမ်အနီးသို့ မလေးရှားနိုင်ငံသားမှ ရောက်လာပြီ ဘောင်းဘီဇစ် များ ချွတ်ပြခြင်း၊ မဖွယ်မရာများ ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေးများက သက်ဆိုင်ရာ အေးဂျင့်သို့ တိုင်ကြား ရာ မြန်မာအေးဂျင့်မှ ပြရင်ကြည့်လိုက်ပေါ့ဟု မချေမငံ ပြန်ပြောခဲ့ကြောင်းကို စုံစမ်းသိရှိရပါသည် ။

အခင်းဖြစ်သည့်ညတွင် ၎င်းအုပ်စုထဲမှ မလေးနိုင်ငံသား တယောက်အိမ်နောက်ဖေးမှ ဖျက်ဆီး ၀င်ရောက်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ အိမ်ရှေ့တံခါးကို ဖွင့်စေပြီး နောက်ထပ်(၅) ယောက်ဝင်ရောက်လာ ကြပါသည်။ ထိုအိမ်တွင်နေသူများမှာ …မခိုင်ခိုင်မာ၊ မစန်းမြင့်၊ ခိုင်သဇင်၊ ခင်သဲချို၊ မစန္ဒာထွေး၊ မပပလင်း၊ မနုနုလွင်၊ မကေသီစံတို့အပါအ၀င် မြန်မာမိန်းကလေး (၁၀) ယောက်ဖြစ်ပြီး ဒါးများဖြင့် ခြိမ်းချောက်ခံထားရ ခြင်းကြောင့် အနီးပတ်ဝန်းကျင်ကိုလည်း အော်ဟစ်အကူအညီ မတောင်းနိုင်ခဲ့ကြပါ။ ထိုသူများ အိမ်ပေါ်ရောက်သည်နှင့် မိန်းကလေးအားလုံးစုစည်းစေကာ အ၀တ်အစားများချွတ်ခိုင်းပြီး လက်ကိုင်ဖုန်းနှင့် လက်ဝတ်လက်စားများကို အရင်သိမ်းယူပြီးမှ ၎င်းတို့ကြိုက်နှစ်သက်ရာ မိန်းကလေးများကို ရွေးချယ်၍ အခန်းတခုတည်းထည့်ပြီး အဓမ္မကျင့်ကြံခဲ့ကြသည်။ အဓမ္မကျင့်ကြံခံရသူ မိန်းကလေး(၄)ဦးနှင့် ကျန်မိန်းကလေးများက အော်ဟစ်ကာ ရုန်းရင်းဆန်ခတ် ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေး(၂)ဦးကို ကတ်ကြေးဟုထင်ရသော အသွားချွန်ထက်သော လက်နက်ဖြင့် ထိုးပြီးထိုသူများ ထွက်ပြေးသွားကြခြင်းဖြစ်သည်။

ဤအမှုကို မြန်မာအမျိုးသမီးများက မြန်မာသံရုံးသို့တိုင်ကြားသော်လည်း မလေးရှားတရားဥပဒေဖြင့် အရေးယူရန်ဆောင်ရွက်ပေးခြင်းမရှိပဲ သံရုံးကိုတိုင်က သတင်းထိမ်ချန်ပြီး အလိုတူအလိုပါသဘောမျိုးဖြင့် ထိုမိန်းကလေးများကို တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်စေလိုက်သည်။ ဆက်လက်၍ သာမန်စောင့်ရှောက်မှု များဖြင့်သာ အကူအညီပေးထားပြီး မိန်းကလေး(၂) ဦးကို မြန်မာပြန်သို့ ပြန်ပို့လိုက်ကြောင်း သတင်းရရှိပါသည်။ မိမိတို့မြန်မာနိုင်ငံသားများသည် ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ့်လူမျိုးအစိုးရ၏ ဖိနှိပ်စော်ကားမှုတွေကြောင့် လုံခြုံမှု ကင်းမဲ့နေရသဖြင့် အခြားနိုင်ငံများသို့နေထိုင်ကြပြန်တော့လည်း အခြားလူမျိုးများ၏ အစော်ကားကို ခံရ၊ အခြားအစိုးရ၏ ဥပက္ခာပြုခြင်းကို ခံရနှင့် လူသားခြင်းမစာနာမှု ၀ဲဂယက်ထဲတွင်လှုပ်လေမြုပ်လေဖြစ်နေရသည်။

မလေးရှားနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများ NGOs နှင့် အာဏာပိုင်အဖွဲ့အစည်းများကလည်း သူတို့နိုင်ငံ သူတို့လူမျိုးနှင့်ပတ်သတ်လာလျှင် လက်ရှောင်ချင်ကြသည်မှာအထင်အရှား နှုတ်ဆိတ်နေချင်ကြသည်မှာ သိသာလွန်းလှပေသည်။ ဒီအခြေအနေ ဒီအခက်အခဲတို့ကြောင့် အကြောင်းတစုံတရာဖြစ်တိုင်း ကယ်ကူသူမဲ့နေ ရသည့် မိမိတို့မြန်မာလူမျိုးများအဖြစ်က ရင်နာစရာကောင်းလှပါကြောင်းတင်ပြလိုက်ရပါသည်။

ဆက်ဖတ်ပါရန်...

Saturday, September 12, 2009

စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်ပေါ်ထွက်လာ

နာဂစ်မုန်တိုင်းအလွန် စစ်အစိုးရ၏ လေးလပတ်အစည်းအဝေးအပြီး တပ်မတော် ထိပ်ပိုင်းတာဝန်များယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး (၅) ဦးအနက် (၄) ဦးမှာ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြန်လည်ပေါ်ထွက်လာသည်။

စစ်ရေးအကဲခတ်သူများအကြား အဆိုပါ (၅) ဦးအား အငြိမ်းစားပေးလိုက်ပြီဟု သတင်းများထွက်ပေါ်နေခဲ့ပြီး (၅) လအကြာ ၎င်းတို့လှုပ်ရှားမှုများ ပျောက်ကွယ်နေပြီးနောက် (၄) ဦး၏ လှုပ်ရှားမှု စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။

"တပ်ထဲမှာလည်း မေးစရာတွေဖြစ်ခဲ့တယ်၊ တကယ်စာရင်းထွက်လာခဲ့ကတည်းက ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်းကို ကျန်းမာရေးအရ အနားပေးလိုက်တာဖြစ်ပြီး ကျန်တဲ့ (၄) ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တွဲဘက်ဆိုပြီး ထွက်ခဲ့တာပါ" ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်မှ တပ်မတော်အရာရှိတဦးက ပြောသည်။

သားဖြစ်သူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် အကျဉ်းရုံးစစ်ဆေးခံခဲ့ရပြီးနောက် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်အား စစ်အစိုးရက မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုလည်း အနားပေးလိုက်သည်ဟု တပ်တွင်း ပြန့်နှံ့နေခဲ့သော်လည်း အမှန်တကယ်မှာ အရေးယူခြင်းမရှိဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသည်။

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် (၁၀) သင်တန်းဆင်းပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ရာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများဖြစ်ပြီး အနားယူသွားပြီဟု အများသုံးသပ်နေသော ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့ တက်ရောက်ခဲ့ကြသည်။

"ကျနော်သုံးသပ်တာတော့ လွှတ်တော်မှာ တပ်မတော်ကကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလို့ သတ်မှတ်ထားတာမို့ သူတို့က အလိုလို အဲ့ဒီနေရာကို ဝင်လာပါလိမ့်မယ်၊ တပ်ချုပ်က သူ့ကို ရာသက်ပန်ကာကွယ်ပေးမဲ့သူတွေ လိုအပ်နေတာမဟုတ်လား"ဟု အဆိုပါ တပ်မတော်အရာရှိက ဆက်လက်ပြောဆိုသွားသည်။

ဆက်ဖတ်ပါရန်...

၉ သုံးလုံးနေ့ လှုပ်ရှားမှု ဖြစ်မည်ကို အာဏာပိုင်တို့ စိုးရိမ်၊ ရွှေတိဂုံတ၀ိုက် လုံခြုံရေး တင်း မိုးမခအထောက်တော်၊ ရန်ကုန်

ရွှေဝါရောင် သံဃာ့အရေး အခင်းဖြစ်ပွားခဲ့ပြီး ဒုတိယမြောက် နှစ်ပတ်လည်လ နှင့် ၉ ဂဏန်း ၃လုံး တိုက်ဆိုင်သည့် ၉ရက် ၉လ ၂၀၀၉ နေ့တွင် သံဃာ့လှုပ်ရှားမှုများ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား အရှေ့ဘက်မုခ် အဆင်းလမ်း တလျှောကတွင် လက်နက်၊ ဒိုင်းများ အပြည့်အစုံဖြင့် လုံထိန်းကား တဒါဇင်ထက် မနည်းဖြင့် စောင့်ကြပ် ကြည့်ရှုနေသည်။

ရွှေတိဂုံ စေတီ တ၀ိုက်နှင့် ရွှေဂုံတိုင်လမ်း တ၀ိုက်တွင် လက်နက်ကိုင် လုံထိန်းရဲများကို အသင့် အနေအထားဖြင့် မြင်တွေ့ နေရပြီး ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင်လည်း လုံထိန်းကားတန်းများဖြင့် ကင်းလှည့်ခြင်း၊ လက်နက်ကိုင် ရဲကားများ လှည့်လည်နေခြင်းဖြင့် တစုံတရာ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့သော် ချက်ခြင်း တုံ့ပြန် ဆောင်ရွက်နိုင်ရန် နအဖ အစိုးရက အသင့်ပြင်ထားသည်ကို မြင်တွေ့နေရသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

သံဃာများ ရွှေတိဂုံစေတီတော် တ၀ိုက်တွင် သွားလာသည်ကို အာဏာပိုင်တို့က မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိပြီး ရွှေဂုံတိုင်အရပ်ရှိ အန်အယ်လ်ဒီ ရုံးချုပ်မျက်နှာချင်းဆိုင်တွင်မူ လုံခြုံရေး အင်အား အများအပြား ချထားခြင်း မရှိပေ။

ရန်ကုန်မြို့ခံ အချို့ကမူ လူထုလှုပ်ရှားမှု သို့မဟုတ် သံဃာလှုပ်ရှားမှု ပေါ်ထွက်လာမလား ဆိုသည့် မျှော်လင့်ချက်များ ထားရှိကြသော်လည်း နိုင်ငံရေး အဖွဲ့အစည်း၊ သံဃာ့ အဖွဲ့အစည်းများက မည်သည့် ကြေညာချက်မျှ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ယနေ့ ၉ သုံးလုံးနေ့နှင့် တိုက်ဆိုင်သည့် အခြား အဖြစ်အပျက် တခုမှာ လူငယ်နှင့် လူလတ်ပိုင်း ပရိသတ် အများစု၏ ရော့ခ် အဆိုတော် အငဲ၏ ကိုး ဟုအမည်ပေးထားသည့် ၎င်း၏ ကိုးခုမြောက် တေးအယ်လ်ဘမ်ကို ရန်ကင်းရှိ Iron Cross တေးထုတ်လုပ်ရေးက ဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

ဆက်ဖတ်ပါရန်...

Monday, September 7, 2009

တတိယ အကြိမ် သံဃာ့သပိတ်ဆင်နွဲရန်အတွက် တာဝန်ခွဲဝေဖွဲ့စည်းခြင်း
ရန်ကုန် မြောက်ပိုင်းခရိုင် ( လှိုင်သာယာ ) မြို့နယ် အတွင်း ရှိ ကျောင်းတကျောင်းတွင် သံဃာ တော် အင်အား ၁၅ ပါးခန့်နှင့် သီလရှင် အင်အား ၈ ပါးခန့်တိုမှ သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲ(၁) ၏ ညွှန်ကြားချက်အောက်မှ မြတ်စွာ ဘုရားသားတော် သမီးတော် များ၏ သံဃာအားလုံး စုစည်းညီညွတ်မှု့ အထိမ်းအမှတ်သံဃာ့သပိတ် ဆင်နွဲရန်အတွက် အောက်ပါလှုပ်ရှားမှု့များ ပြုလုပ်ရန်အတွက် လှုပ်ရှားမှု့ အဖွဲ့ခွဲငယ်များ ထပ်မံ ဖွဲ့စည်းလိုက်သည်။

၁- သံဃာ့တပ်ပေါင်းစု အဖွဲ့၏ ထုတ်ပြန်ကြေငြာချက်အပါအ၀င် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအသီးသီး၏ သပိတ်တိုက်ပွဲ ခေါ်စာ ထုတ်ပြန်ကြေငြာချက်များ တတိုင်းပြည်လုံးအတိုင်းအတာနှင့် ဖြန့်ဖြူးနိုင်ရန်-
၂- သံဃာ့တပ်ပေါင်းစု ထုတ်ပြန်ကြေငြာချက်တွင် ပါဝင်သော သံဃာ့ကိစ္စများကို မလိုက်နာပဲ ဆန့်ကျင်ကာ နအဖ စစ်အစိုးရနှင့်ဆက်လက်ပေါင်းသင်းနေသောသံဃာတော်များ သီလရှင်များကို သံဃာထုတရပ်လုံးမှ အမည်။မိဘအမည်။ကျောင်းတိုက်အမည်။မြို့ရွာအမည်များ မှတ်သားကာ ပကာသနီယကံပြုကာ သံဃာအဖြစ်၊သီလရှင်အဖြစ်မှကျဉ်ဖယ်မည်ဖြစ်သည့်အတွက် မှတ်တမ်းပြုစုနိုင်ရန်အတွက် ယခုထဲက စတင် စုံစမ်းထောက်လှမ်းခြင်းများ ပြုလုပ်နိုင်ရန်
၃- ယခု လှုပ်ရှားမည့် တတိယအကြိမ် သံဃာ့သပိတ်အား အောင်မြင်သည်အထိ လုံးဝအရှုံးမပေးပဲ ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် သာသနာတော် အတွက် အလွန်အရေးကြီးသလို မြန်မာပြည်ကြီးအတွက်လည်း အပြောင်းအလဲ ဖြစ်အောင် ပြုလုပ်ရမည်ဖြစ်သည့်အတွက် အောင်မြင်အောင် ၊ ပြောင်းလဲအောင် ပြုလုပ်နိုင်ဖို့ရာ ဘုရားသားတော် သမီးတော်များ အပါအ၀င် မျိုးချစ်စစ်သည်၊ပြည့်သူ့ရဲ မှ ဒကာ/ဒကာမများနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကြံ့ဖွံ့၊စွမ်းအားရှင် ဒကာ/ဒကာမများ အား တတိယအကြိမ်သံဃာ့သပိတ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်
ယခုချမှတ်သော လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်နိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင် ကျောင်းတိုက်အသီးသီးမှ အောက်ပါ သံဃာတော်များ၊သီလရှင်များ၊ဒကာ/ဒကာမျာအား အသီးသီး တာဝန်ပေးအပ်လိုက်သည်။
၁ - ကြေငြာချက်များ ဖြန့်ဖြူးရန်
ဦးခေမာနန္ဒ ( လှိုင်သာယာ )
ဦးအိဒြွေိရိယ
ဦးစေကိန္ဒ
ဒေါ်ခေမာသီရိ
ကိုဘိုဘိုကျော်(မြေသြဇာ)
ကိုအောင်ဆွေဦး(မြေသြဇာ)
မဇာခြည်သိမ့်(မြေသြဇာ)
၂- စစ်အစိုးရနှင့်ပူးပေါင်းသော သံဃာများ၊သီလရှင်များ စုံစမ်းရန်
ဦးထာဝရ
ဦးခေမာစာရ
ဦးမေတ္တာနန္ဒ
ဦးသီလဘိဝံသ
ဒေါ်ခေမာ
၃- သပိတ်တိုက်ပွဲတွင် ပါဝင်ရန် တတိုင်းပြည်လုံးအတိုင်းအတာနှင့်စည်းရုံးရေး
ဦးဝေပုလ္လ
ဦးနန္ဒစရိယ
ဦးနန္ဒစာရိယ
ဦးဥတ္တမ
ဦးတေဇိန်န
မောင်တေဇာတင့်နိုင်(မြေသြဇာ)
မောင် မြင့်ဦး(မြေသြဇာ)
မောင်ခင်မောင်တင့်(မြေသြဇာ)
မောင်စိုးခိုင်(မြေသြဇာ)
မနေခြည်ဝင်း(မြေသြဇာ)
မသီရိဆွေ(မြေသြဇာ)
မခင်သန္တာမြင့်(မြေသြဇာ)


မြန်မာနိုင်ငံလုံးဆိုင်ရာ
ရဟန်းပျိုသမဂ္ဂနှင့်
သံဃသာမဂ္ဂီအဖွဲ့__

ဆက်ဖတ်ပါရန်...

Sunday, September 6, 2009

နအဖ တပ်များ စွမ်းအားရှင်အသင်းဝင် စုဆောင်း

စက်တင်ဘာ ၅ရက်၊ ၂၀၀၉
နန်းထူးစံ (ကေအိုင်စီ)

ယခုလဆန်းပိုင်းအတွင်း တောင်ငူခရိုင်၊ သံတောင်မြို့နယ်အတွင်းရှိ ရွာသူရွာသားများကို အတင်းဓါတ်ပုံရိုက်ခိုင်းပြီး စွမ်းအားရှင်အသင်းဝင်အဖြစ် စုဆောင်းရန် မြို့နယ်မှူးဦးသန်းဝင်းက အမိန့်စာထုတ်ပြန်ထားသည်ဟု တောင်ငူဒေသမှ လာသည့်သတင်းအရ သိရသည်။

သံတောင်မြို့နယ်အတွင်းရှိ ပြောင်တိုဂွင်နှင့် သံတောင်မြို့သစ်ခေါ် (၁၃)မိုင် ကားလမ်းဒေသအတွင်းရှိ ရွာသူရွာသားများကို စွမ်းအားရှင်အသင်း ဝင်ဖြစ်ရန်အတွက် ဘောဂလိသို့ ဓါတ်ပုံသွားရိုက်ရန် မြို့နယ်မှူးသန်းဝင်းက သက်ဆိုင်ရာဒေသခံ အာဏာပိုင်ထံကို သြဂုတ်လ (၃၁)ရက်နေ့က စာဖြင့် အကြောင်းကြားခဲ့သည်ဟု တောင်ငူဒေသခံတဦးက ကေအိုင်စီကို ပြောသည်။



“အဲဒီမှာရှိတဲ့ ရွာသူရွာသားတွေကို ဘောဂလိကြီးမှာ ဓါတ်ပုံတွေ သွားရိုက်ဖို့ သံတောင်မြို့နယ်မှူးက အမိန့်ထုတ်ထားတယ်။ ဓါတ်ပုံက စွမ်းအား ရှင်အသင်းဝင်ကဒ်အတွက်လို့ ပြောတယ်။ ရွာသားတွေကတော့ မလုပ်ချင်ဘူးပြောလည်း မြို့နယ်မှူးက သူ့ရဲ့အစီအစဉ် ဖြစ်မြောက်အောင် သွား လာနေတဲ့ ရွာသားတွေကိုဆွဲ၊ ဓါတ်ပုံအတင်းရိုက် ပြီးတော့ စွမ်းအားရှင်အသင်းထဲကို စာရင်းထည့်လိုက်တယ်။ အရင်က ဒီလိုမျိုး မရှိခဲ့ဖူးဘူး။ ကျနော်တို့နယ်မှာ အခုမှပဲ သူတို့လုပ်လာတာ”ဟု အဆိုပါတောင်ငူနယ်ခံက ပြောသည်၊

ထို့အပြင် မြို့နယ်မှူးဦးသန်းဝင်းက ယင်းသို့ ဓါတ်ပုံရိုက်ပြီးသော အဆိုပါဒေသအတွင်းမှ ရွာသူရွာသားများကို သံတောင်မြို့တွင် သင်တန်းသွား တက်ရမည်ဟုလည်း အမိန့်ထုတ်ထားကြောင်း သိရသည်။

ကရင်ပြည်နယ် တောင်ငူခရိုင်ရှိ ထန်းတပင်နှင့် သံတောင်မြို့နယ်အတွင်း အခြေချလှုပ်ရှားနေသည့် စစ်ကွပ်ကွဲရေးဌာနချုပ်-စကခ (၅) တပ်ရင်း များနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်း စစ်ကြောင်းများက ဒေသခံရွာသူရွာသားများအပေါ် ပိုမိုတင်းကြပ်လာပြီး လုပ်အားခိုင်းစေခြင်း၊ ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာသည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က စက်တင်ဘာလ ၄ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း ၎င်းတို့လှုပ်ရှားရာ သံတောင်မြို့သစ်ခေါ် (၁၃)မိုင်ကားလမ်းမှစ၍ ဘောဂလိကြီးဒေသများအ တွင်း နေထိုင်စားသောက်ကြသည့် ရွာသားများအား ပြည်သူ့စစ်ထဲကို မဝင်မဖြစ် အတင်းဝင်ခိုင်းနေသည်ဟုလည်း ကေအဲန်ယူ၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးနှင့် မုံးမြို့နယ်များတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ယခုလို ပြည်သူ့စစ်ကောက်ခံမှုများ ရှိခဲ့သည်။

စစ်အစိုးရတပ်များ၏ ပြည်သူ့စစ်နှင့် စွမ်းအားရှင်အသင်းဝင် အစီအစဉ်တွင် စုဆောင်းရရှိထားသော ရွာသူရွာသားဦးရေကို အတိအကျ မသိရ သေးသော်လည်း ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲအသာစီးရရှိအောင် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း တောင်ငူနယ်ခံများက မှတ်ချက်ပေးနေကြသည်။

ဆက်ဖတ်ပါရန်...